Wednesday, January 27, 2010

စာဖတ်သူများသို့

ပန်ကြားလွှာ
အခုတစ်လော အလုပ်အရမ်းများနေလို့ ပိုစ့်မတင်ဖြစ်ဘူး။ နယ်က ဆရာတော်သုံးပါး ရောက်လာ၍ ဘုရားဖူးကြွဖို့ရန် စသော ကိစ္စများရှိနေပါသည်။ ပီးတော့လည်း သူများကျောင်းမှာ သွားနေရတဲ့အတွက် ကိုယ့် ကွန်ပျူတာလည်း ယူမသွားနိုင်ဘူး။ ကိုယ်ကွန်ပျူတာက စာပွဲတင်ကွန်ပျူတာလေ။ နုတ်ဘုတ်ကွန်ပျူတာလေးတော့ လိုချင်တာပေါ့။ ဒါပေမဲ့ သိတယ်မဟုတ်လား။ အဓိကက ပိုက်ဆံလေ မရှိပါဗျာ။ ဒါကြောင့် ခရီးထွက်ရင် သို့မဟုတ် တစ်ခြားနေရာ ရောက်နေရင် အင်တာနက်နဲ့ ကင်းကွာသွားပီပေါ့။ အင်တာနက်ကတော့ ဘယ်နေရာရောက်ရောက် သုံးလို့ရတယ်။ ကိုယ်မှာက မင်မိုရီစတက်အရွယ် အင်တာနက်သုံးတယ်လေ။ ဒါကြောင့် အလွယ်တကူ ယူသွားပီး မည်သည့်ကွန်ပျူတာမဆို ထိုးပီးသုံးရုံပေါ့။ အရမ်းကိုလွယ်ကူပါတယ်။ သို့သော်လည်း မိမိမှာက သွားလေရာရာ ကွန်ပျူတာက မပါတော့ စာရေးဖို့အချိန်မရဘူးပေါ့။ သိတဲ့အတိုင်းပဲ ဘယ်သူကမှ သူတို့ကွန်ပျူတာကို တစ်ပါးသူအား အချိန်တွေအများကြီးပေးမသုံးခြင်ဘူး မဟုတ်လား။ ကိုယ်ချင်းစာပါတယ်။
ဒါကြောင့် မိမိဘလော့်သို့ လာရောက်အားပေးကြသော စာပေဧည့်သည်တော်များအား အသိပေးလိုသည်မှာ ပိုစ့်အသစ်များကို အလုပ်အားတဲ့အချိန် ပြန်လည်ရေးသားပါမည်။
အခုလောလောဆယ် ၁၀-ရက်လောက်တော့ အလုပ်ရှုပ်နေမည် ဖြစ်ပါကြောင်း။
Reade more >>

Saturday, January 23, 2010

တွေးခေါ်မြော်မြင်ခြင်း(အပိုင်း ၁)

တွေးခေါ်မြော်မြင်ခြင်း(အပိုင်း ၁ )
သက်ရှိလူသားတိုင်းဟာ မျော်လင့်ချက်များစွာဖြင့် အသက်ရှင်နေကြရပါတယ်ဟု ဆိုကြပါသည်။ ဗုဒ္ဓဘာသာအရ လောကမှာ လူသားတိုင်းတောင်းတမျော်လင့်နေသောအရာလေးခုရှိလေသည်။
၁။ ဘ၀တစ်လျှောက်လုံး ပျော်ရွင်စွာ နေထိုင်နိုင်ဖို့။ သုခကာမာ။ (wish for happiness)
၂။ ဆင်းရဲအပေါင်းမှ ချုပ်ငြိမ်းဖို့။ ဒုက္ခပဋိကူလာ။ (expelling sufferings)
၃။ အသက်ရှည်ကြာနေထိုင်နိုင်ဖို့။ ဇီဝိတုကာမာ။  (to be long-lived)
၎။ နောက်ဆုံးတော့ မသေဖို့(မသေရာ ဘုံဘ၀တစ်ခုခုကို ပိုင်ဆိုင်ဖို့)။ အမရိတုကာမာ။ (not to die) မည်သည့်တောင်းတမျော်လင့်ချက်တိုင်းမဆို အထက်ပါလေးမျိုးထဲမှ ပေါ်ထွက်လာကြရပါသည်။
အဆိုပါ မျော်လင့်တောင်းတချက်လေးခုကို ဘယ်လိုများရရှိနိုင်မလဲ။ မိမိတို့ဘ၀မှာ အထက်ပါ လေးပါးနှင့်ပြည့်စုံစေဖို့ဆိုရင် မိမိတို့မှာ အသိပညာဗဟုသုတများစွာ ရှိနေဖို့ လိုအပ်ပါသည်။ အသိပညာဗဟုသုတများများမရှိဘဲ အထက်ပါ မျော်လင့်ခြင်းလေးပါးကို ပြည့်ပြည့်၀၀ မရရှိနိုင်ပေ။ ဒါကြောင့် အသိပညာဗဟုသုတဟာ အလွန်အခြေခံကျသော အကြောင်းရင်းတစ်ခု ဖြစ်လေသည်။

အသိပညာအခြေခံရရန် ဘယ်လိုလုပ်ယူမလဲ။

မိမိတို့ကိုယ်တိုင် တွေးခေါ်မြော်မြင်တတ်ရမည်။ တွေးခေါ်မြော်မြင်းခြင်းဟာလည်း တစ်ခါတရံ မှားခြင်လည်းမှားတတ်သည်။ တစ်ခါတရံ မှန်ကောင်းမှန်နေမည်။ ဘယ်လိုပဲဖြစ်ဖြင့် မှန်ကန်သော မျော်မြင်တွေးခေါ်မှုသည် မှန်ကန်သောအသိပညာဗဟုသုတရဲ့ အကျိုးရလဒ်သာ ဖြစ်ပေသည်။ မှားယွင်းသော တွေးခေါ်မျော်မြင်ခြင်းဟာလည်း မစစ်မှန်သော အသိပညာဗဟုသုတမှ စတင်ပေါက်ဖွားလာခဲ့ခြင်း ဖြစ်ပေသည်။
ှမှန်ကန်သောအသိပညာဗဟုသုတ ရရှိဖို့ဆိုလျှင် မှန်ကန်သောနည်းလမ်းဖြင့် သင့်လျော်အောင် တွေးခေါ်တတ်ရပေမည်။
ဤနေရာ၌ မှန်မှန်ကန်ကန်တွေးခေါ်မှုကို logical thinking ဟုခေါ်ဆိုရသည်။ logical thinking ဟူသည်မှာ ကြောင်း၊ ကျိုးဆက် တွေးခေါ်ခြင်းကို ဆိုလိုပါသည်။ မှန်၏။ အရာရာတိုင်းသည် အကြောင်း၊ အကျိုးဆက်စပ်  theory အရ ဖြစ်ပေါ်လာကြရပေသည်။ ထို့ကြောင့် မှန်ကန်တိကျသော အသိပညာဗဟုသုတကို ရရှိရန်အတွက် မိမိတို့သည် အကြောင်းအကျိုးဆက်စပ် တွေးခေါ်ကြရပေမည်။ တကယ်တော့ တွေးခေါ်မျော်မြင်မှု မရှိသောပုဂ္ဂိုလ်တိုင်းသည် အကျိုးထူးတစ်စုံတရာမှ လက်ခံရရှိလိမ့်မည် မဟုတ်ပေ။
( နာစိန္တယန္တော ပုရိသော ၀ိသေသံ နာဓိဂစ္ဆတိ) ထို့ကြောင့် တွေးခေါ်မျော်မြင်ခြင်းဟာလည်း အလွန်အခြေခံကျသော အချက်တစ်ခုပင် ဖြစ်ပေသည်။
အတွေးအခေါ်အမျော်အမြင်နှင့် ပတ်သက်၍ မြတ်ဗုဒ္ဓ၏ အံ့ဩဖွယ်ကောင်းသော လမ်းညွှန်ချက်ကို လေ့လာသင့်ပါသည်။ ဤလမ်းညွန်ချက်မှာ လွတ်လပ်သောအတွေးအခေါ်၊ လွတ်လပ်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို ပေးထားခဲ့သည်မှာ ဘာသာရေးသမိုင်းတွင် ပြိုင်ဘက်ကင်းသည့် တစ်ခုတည်းသော လမ်းညွှန်ချက်ဖြစ်ခဲ့ပေသည်။ မည့်သည့် ဘာသာရေး၌မဆို ဤကဲ့သို့သော လမ်းညွှန်ချက်မရှိပေ။
မြတ်ဗုဒ္ဓသည် ကောသလနိုင်ငံတော်၌ ခရီးလှည့်လည်စဉ် ကေသမုတ္တိအမည်ရှိသော မြို့ကလေးသို့ ရောက်ခဲ့သည်။
ထိုမြို့ကလေး၌ ကာလာမလူမျိုးတို့ နေထိုင်ကြ၏။ မြတ်ဗုဒ္ဓ ထိုရွာသို့ ဆိုက်ရောက်သွားသောအခါ ကာလာမ လူမျိုးတို့ စုရုံး ရောက်ရှိလာကြကုန်၏။မြတ်ဗုဒ္ဓကို သူတို့ အရိုအသေပေး လျှောက်ထားကြသည်မှာ

"အို မြတ်စွာဘုရား မြောက်များစွာသော ရသေ့ ရဟန်းတို့သည် ကျွန်ုပ်တို့ရွာသို့ တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ် လာရောက်ကြပါ၏၊ ရောက်လာတိုင်းသော ရသေ့ရဟန်းတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒကိုသာ အကောင်းပြော၍ ထွန်းကားအောင် ဟောပြောကြပါ၏။ သူတပါးတို့၏ ဝါဒကိုမူကား ရှုံ့ချအပြစ်ဆို၍ ပျက်ပြားအောင်ပြုကြပါ၏၊ ရသေ့ရဟန်းပေါင်းမြောက်များစွာတို့က ကျွန်ုပ်တို့ကေသမုတ္တိ ရွာသို့ ရောက်တိုင်း မိမိတို့အယူဝါဒကို လက်ခံဖို့ရန် သူတပါးတို့၏အယူဝါဒကို စွန့်ပစ်ဖို့ရန် အသီးအသီး ပြောသွားကြပါ၏ဘုရား။

ထို့ကြောင့် ယခုအခါ ကျွန်ုပ်တို့ ကေသမုတ္တိရွာသားအားလုံး စိတ်ရှုတ်၍နေကြကုန်ပါပြီဘုရား၊ မည်သူ၏ဝါဒ မှားသည်၊ မည်သူ၏ဝါဒ မှန်သည်ဟု မဆုံးဖြတ်နိုင်အောင် သံသယများ ဝင်နေကြကုန်၏ဘုရား။ အို အရှင်ဂေါတမဗုဒ္ဓ- အရှင်သည်ကော မည်သို့ဟောပြနိုင်မည်နည်း"-ဟု မေးလျှောက်ကြကုန်၏။

"အို ကာလမတို့- သင်တို့မှာ ယုံမှားသံသယဖြစ်သည် ဆိုလျှင် ဖြစ်ထိုက်ပေ၏။ သင်တို့ရွာ၌ ဆရာများသလောက် ဝါဒလည်းများကုန်၏။ သင်တို့၏ကိုယ်ပိုင်ဥာဏ်ကို ဆရာ့ဝါဒတို့နှင့် သံသယတို့က ဖုံးလွှမ်း၍ နေကြကုန်၏။ ငါသည်မူကား ထိုဆရာတို့ကဲ့သို့ မပြောလို၊ သင်တို့၏ ကိုယ် ပိုင်အတွေးအခေါ်၊ ကိုယ်ပိုင်ဥာဏ်၊ ကိုယ်ပိုင်အဆုံးအဖြတ် သည်သာလျှင် သင်တို့၏ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်လမ်းညွှန် ချက်ဖြစ်သင့်သည်ဟု ဆိုချင်သည်။ ထို့ကြောင့်

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ် မှာလည်း အပြီးသတ် ဆုံးဖြတ်ချက်မချကြကုန်နှင့်။
မာအနုဿဝေန(report)

(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။ မာ ပရံပရာယ (tradition )

(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း လက်ခံမမှားကြကုန်နှင့်။
မာ ဣတိကိရ(hearsay)

(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။ မာ ပိဋကသမ္ပဒါန (traditional texts)

(၅) အကျင့်နှင့် အသိမပါ တက္ကဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု အတည်မယူကြကုန် နှင့်။ မာ တက္ကဟေတု (mere logic)

(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍ ကျင့်သုံးခြင်းသည်လည်း မိမိတို့ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ မယူကြကုန်နှင့်။ မာ နယဟေတု(way of thinking)

(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍ တင်ပြနိုင်ရုံမျှ ဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။ မာ အာကာရပရိဝိတက္က(considering external appearance)

(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟော ပြောချက်သည် မိမိတွေးထင်ထားသည်နှင့် ကိုက်ညီ သွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။ မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ(delight in speculative opinion)

(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည် ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။  မာ ဘဗရူပတာ(possibility)

(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။ မာ သမဏော နော ဂရူတိ(idea of teacher)

"အိုကာလာမတို့-အကောင်းအဆိုး ဘယ်ဟာမျိုးမဆို သင်တို့အတွက် သင်တို့ကိုယ်တိုင် သိအောင်လုပ်ကြ၊ ဤသည်ကား အကောင်းတရား၊ ဤသည်ကား အဆိုးတရား၊ ဤသည်ကားအမှား၊ ဤသည်ကားအမှန်၊ သင်တို့ကိုယ်တိုင် သိအောင် လုပ်ကြ။ ဤသည်ကား အမှား၊ ဤသည်ကား အဆိုး- ဆိုးကျိုး သာဖြစ်လိမ့်မည်။ ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်- ကောင်းကျိုးသာ ဖြစ်လိမ့်မည် ဆိုသည့်အချက်ကို သူတပါးတို့ထံ ဆုံးဖြတ်ခံစရာမလို သင်တို့ကိုယ်ပိုင်ဥာဏ်ဖြင့် ကိုယ်ပိုင်သိအောင်လုပ်ကြ။

"ဤသည်ကား အမှား၊ ဤသည်ကား အဆိုးဖြစ် လိမ့်မည်"ဟု သင်တို့ကိုယ်တိုင်သိ၍ ဆုံးဖြတ်နိုင်လျှင် သင်တို့ ကိုယ်တိုင် ထိုဝါဒကို ပယ်စွန့်နိုင်ခွင့်ရှိသည်။

ဤသည်ကား အကောင်း၊ ဤသည်ကား အမှန်၊ ဤ အကောင်းအမှန်ကြောင့် သင်တို့မှာ ကောင်းကျိုးဖြစ်လိမ့်မည် ဟုဆိုလျှင် မြင်လျှင် သင်တို့ကိုယ်တိုင် ထိုအကျင့်ကို လက်ခံ ပိုင်ခွင့်ရှိသည်။ သင်တို့ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် သည်သာလျှင် သင်တို့ဘဝ၏ အရှင်သခင် ဖြစ်သည်။ သင်တို့ဘဝ၏ ကောင်းကျိုး ဆိုးကျိုးကို သင်တို့၏ အကျင့်နှင့် အသိက အဆုံးအဖြတ်ပေးလိမ့်မည်။

ထို့ကြောင့် ကိုယ်တိုင် သိအောင်လုပ်ကြ။ ကိုယ့်အသိနှင့် ကိုယ်တိုင်ဆုံးဖြတ်ကြ။ ကိုယ့်အဆုံးအဖြတ်အတိုင်း ကိုယ်တိုင်ကျင့်သုံးကြ။ သင်တို့ဘဝ၏ လွတ်မြောက်ရာ တံခါးကို သင်တို့ကိုယ်တိုင် ဖွင့်နိုင်ခွင့်ရှိသည်"ဟု ကေသမုတ္တိရွာသား ကာလာမတို့အား မိန့်ကြားတော်မူခဲ့ပါသည်။
ဤမြတ်ဗုဒ္ဓ၏အဆုံးအမများသည် ဘာသာရေးသ မိုင်းတွင် တစ်ခုတည်းသော အနှိုင်းမဲ့လွတ်လပ်သော အတွေး အခေါ်အတွက် လမ်းညွှန်ချက်ဖြစ်ပေသည်။ (အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပါမည်)
Reade more >>

Thursday, January 21, 2010

ဗုဒ္ဓ၀င်လင်္ကာ

  • ကဆုန်လပြည့်၊ နေ့သောကြာ၊ ဘုရားဖွားတဲ့ နေ့မြတ်ပါ။
  • သက္ကရာဇ်မှာ၊ ခြောက်ဆယ့်ရှစ်၊ သုဒ္ဓေါမိဘစစ်။ 
  • မာယာဒေ၀ီ၊ မွေးမယ်တော်၊ ကပိလ၀တ်နေပြည်တော်။
  • သာကီမျိုးနော်၊ ထင်ရှားလ၊ နွယ်တော်ဂေါတမ။
  • သိဒ္ဓတ္ထတဲ့၊ မည်နာမံ၊ ဆယ့်ခြောက်နှစ်မှာ ထီးနန်းစံ။
  • နှစ်ဆယ့်ကိုးမှာ၊ တောထွက်သွား၊ ခြောက်နှစ်ကျင့်တရား။
  • သုံးဆယ့်ငါးနှစ်၊ ပြည့်လေတုံ၊ တစ်ရာ့သုံးခုကြုံ။
  • လပြည့်ကဆုန်၊ ဗုဒ္ဓဟူး၊ ဘုရားဖြစ်တဲ့ နေ့အထူး။
  • တရားဦးမြတ်၊ စက်ဓမ္မေ၊ ၀ါဆိုလပြည့် ဟောစနေ။
  • သက်ရှစ်ဆယ်ပြည့်၊ တိုင်အောင်ထိ၊ သာသနာကျိုး သယ်ပိုးဘိ။
  • သောင်းထိုက်မှုးကြီး၊ တို့မြတ်စွာ၊ ဘုံသုံးပါးမှာ ထင်ရှားလာ။
  • လူ၊ နတ်၊ ဗြဟ္မာ၊ လွန်ကျော်ကြား၊ အားကိုးထိုက်တဲ့ ဒို့ဘုရား။
  • ဒို့ဘုရား.... ဒို့ဘုရား.... အားကိုးထိုက်တဲ့ ဒို့ဘုရား..........။
Reade more >>

Monday, January 18, 2010

ဦးတင်ပါသည် ကျွန့်သခင်

“မသိတုန်းက၊ ချိန်ဖြုန်းရက်ကြာ၊
သိလျှင်ပယ်မှု၊ ဘယ်သူ့တွက်တာ၊
ကိုယ့်အရေးမို့၊ မျော်တွေးခါခါ၊
လူဖြစ်ရဘ၀၊ တန်ဖိုးရှာ။”
( ဒီအလင်္ကာဖြင့် ကျေးဇူးရှင်ဆရာတော်များအား ကန်တော့ပါသည်။)


ဘုရားရှင်တော်၊ မပွင့်ပေါ်က၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘုံဘ၀၊ မသိကြရ၊ များလအဖြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟော်ဖော်ညွန်ကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘုံဘ၀၊ သိကြရ များလကျေးဇူးတွေ။


ကျေးဇူတော်အရှင်၊ ကျွန့်သခင်ကို၊ နေ့ညမပြတ်၊ လွန်ညွတ်ဝပ်၊ အသိညဏ်များ ပွင့်ပါစေ။

Reade more >>

Saturday, January 16, 2010

ပရဟိတစိတ်ဓာတ်လွန်မြင့်မြတ်


ပရဟိတပြုလုပ်ကြ
(မင်းသားအများစုတွေထဲမှ မင်းသားခန့်စည်သူရဲ့ ပရဟိတစိတ်ဓာတ်ကို သဘောကျလို့ ဖေါ်ပြလိုက်ရပါသည်။)

ခန့်စည်သူကို “အများနှင့်မသက်ဆိုင်သောသူ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ယခုနှစ်အကယ်ဒမီပေးပွဲတွင် အကယ်ဒမီရမည်ဟု အနုပညာ အသိုင်းအ၀ိုင်းတွင်းကရော ရုပ်ရှင်ချစ်ပရိသတ်တွင်းကပါ ခန့်မှန်း ထင်ကြေးပေးသံများ ၂၀၁၀နှစ်ဆန်းပိုင်းတွင် ညံနေသည်။ ရုပ်ရှင်မင်းသားဆိုသည့် သူ့ဘ၀၏
ရပ်တည်ချက်နောက်ကွယ်က သူ့ရဲ့လူမှုရေးလုပ်ငန်းများအကြောင်းကို လှူဒါန်းမှုသတင်းများကတစ်ဆင့် သိသူလည်း သိနေကြပေမည်။ 
“ပိုက်ဆံ အရမ်းချမ်းသာလည်း ဘယ်သူမှ ထမင်းဆယ်နပ်တော့ မစားနိုင်ကြပါဘူး” 
ဆိုသည့် မင်းသား၏ အနုပညာလှုပ်ရှားမှုများထက် ပရဟိတဆိုင်ရာ အကျိုးပြုလုပ်ငန်းများအကြောင်းကို ဦးစားပေး မေးမြန်းထားပါသည်။


“လူမှုရေးလုပ်ငန်းတွေကို ဘာကြောင့်စိတ်ဝင်စားပြီး လုပ်ဖြစ်တာလဲ”


“ဒါကရေတွေလိုပေါ့ဗျာ။ ကိုယ့်ဆီမှာ ရေတွေပိုလျှံနေရင် ရေကြောင့်ဒုက္ခရောက်နေတဲ့ လူတွေကို ဝေမျှပေးချင်တဲ့ သဘောကြောင့်လူမှုရေးလုပ်ငန်းတွေကို လုပ်ဖြစ်တာပါ။ 
ကျွန်တော်ငယ်ငယ်ကတည်းကကျောင်းကလုပ်တဲ့ အသင်းအဖွဲ့တွေမှာ လှုပ်ရှားတာကို ၀ါသနာပါတယ်။ အသင်းမှာတခြားလူမအားဘူးဆိုရင်လည်း ကျွန်တော်က ကိုယ်စားဝင်ဝင်လုပ်ပေးတယ်။ကျောင်းကတည်းက လူမှုရေးလုပ်ဖို့ အကျင့်တွေရခဲ့တယ်လို့ ထင်ပါတယ်။”


“ဘုရားကျောင်းကန် လှူတာတွေပဲ များနေတယ်နော်။ တခြားလူမှုရေးနယ်ပယ်တွေလှူဖို့ စိတ်မ၀င်စားဘူးလား”


ကျွန်တော် စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေလည်း လှူထားပါတယ်။ သင်္ကန်းကျွန်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆောက်လုပ်ထားတယ်။ အဓိကကတော့ မိဘမဲ့ကလေးတွေ အတွက်ပေါ့။ ဘာသာမရွေး၊ လူမျိုးမရွေး လက်ခံပါတယ်။ ဒီကျောင်းမှာ အများဆုံး ကျောင်းသားဦးရေ ၃၀၀-လောက်အထိ လက်ခံဖို့ရှိပါတယ်။ အဲဒီမှာ စာကြည့်တိုက်လည်း ဖွင့်ပေးထားတယ်။ စာကြည့်တိုက်ကတော့ကျပ်၁၀သိန်းကျော် မတည်ထားပါတယ်။ 
နောက်ပြီး ရခိုင်ပြည်နယ် စစ်တွေမှာလည်းဒုတိယမြောက် စာကြည့်တိုက်ဖွင့်ဖို့ စီစဉ်နေတယ်။ အဲဒါကတော့
ပန်ကြားရေးဝန်ကြီးဌာနက ညွှန်ချုပ်ကိုယ်တိုင် ကမကထလုပ်တာကို ကျွန်တော်ကထပ်ပြီးမတည်ပေးတာပါ။


“ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသား ဘယ်နှယောက်လောက်ရှိပါသလဲ။ ဆရာ၊ ဆရာမ ခန့်ထားမှုနဲ့ လစာစီစဉ်ပေးမှုကိုလည်း ပြောပြပေးပါ။”


လောလောဆယ်တော့ ကျောင်းသား အယောက်၅၀ရှိပါတယ်။ ဆရာ၊ ဆရာမကတော့ ၄ယောက်ရှိတယ်။ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို နေ့လယ်စာကျွေး တယ်။ ကျောင်းအဖြူ၊ အစိမ်း စီစဉ်ပေးတယ်။ စာရေးကိရိယာတွေ ဖြည့်ဆည်းပေးတယ်။ ဆရာ၊ ဆရာမတွေရဲ့လစာကိုလည်း ကျွန်တော်ကိုယ်တိုင် ပေးပါတယ်။ ဒီကျောင်းက အခြေခံပညာမူလတန်းအထိ တက်ရောက်လို့ရပါတယ်။


“ဒီကျောင်းမှာ ၀န်ထမ်းလုပ်ချင်တဲ့သူတွေကို အရည်အချင်း ဘယ်လိုသတ်မှတ်ထားလဲ။”


ဒါက သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ၀န်ထမ်းအရည်အချင်းအတိုင်းပဲ ကျွန်တော်ခန့်ထားပါတယ်။ စိတ်ဝင်စားသူတွေက ကျွန်တော့်ဆီကိုလည်း တိုက်ရိုက်ဆက်သွယ်နိုင်သလိုသင်္ကန်းကျွန်းမြို့နယ်က ဓမ္မ၀ိဟာရစာသင်ကျောင်းကိုလည်း ဆက်သွယ်နိုင်ပါတယ်။


“နောက်ထပ် ဘယ်လိုနယ်ပယ်တွေမှာ အကျိုးပြုအလုပ်တွေ ထပ်လုပ်ဦးမလဲ။”


နယ်စပ်ဒေသတွေမှာ လုပ်ချင်တယ်။ ဒါပေမဲ့ မလွယ်သေးဘူးပေါ့။ အညာဘက်က စစ်ကိုင်းတိုင်းမှာ ရေရှားတဲ့နေရာမှာ စက်ရေတွင်းတူးပေးခဲ့သေးတယ်။နောက်ထပ်လည်း လိုအပ်တဲ့နေရာတွေမှာ လိုအပ်တဲ့ပုံစံအလိုက် လှူသွားမှာပါ။ဆေးရုံ၊ ဆေးပေးခန်းတွေ လုပ်ပေးချင်တယ်။ အဓိကက မိဘမဲ့ကလေးတွေကိုကူညီချင်တာပါ။ နောက် မီးဘေးဒုက္ခသည်တွေ မရှူနိုင်မကယ်နိုင်နဲ့
အတိဒုက္ခရောက်နေတဲ့ လူတွေကို တစ်တပ်တစ်အား ကူညီချင်တယ်။ လုပ်ဖို့ရှိတာတွေကတော့ အများကြီးပေမယ့် မသေချာသေးတော့ မပြောချင်သေးပါဘူး။


“အနုပညာရှင်တစ်ယောက် ဖြစ်နေတဲ့အတွက် လူမှုအကျိုးပြုလုပ်ငန်းတွေကို ပေါ်ပြူလာဖြစ်ရုံ သက်သက်လုပ်နေတယ်ဆိုတဲ့ဝေဖန်မှုတွေအပေါ် အစ်ကို ဘယ်လိုခံယူပါသလဲ။”


အချိန်က အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ ဘာသာရေးစကားနဲ့ ပြောရရင်တော့ “ဘုရားတစ်ခါ”နဲ့ “ဘုရားဒကာ”ဆိုပြီးရှိတယ်။ ဘုရားတစ်ခါဆိုတာကအဆက်အသွယ်ကောင်းလို့ ဘုရားကိုတစ် ခေါက်လောက်ရောက်ပြီး လှူသွားမယ်။ နောက်လှည့်မကြည့်တော့ဘူး။ ဘုရားဒကာကတော့ ဘိုးဘွားစဉ်ဆက်အမွေကိုကိုယ်တိုင်ထိန်းသိမ်းတာ အဓိပ္ပာယ် လုံးဝမတူဘူး။ အဲဒီသဘောအတိုင်း ခံယူပါတယ်


“လူမှုရေးလုပ်ငန်းလုပ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့သူတွေကိုရော ဘယ်လိုအကြံပြုပြောကြားချင်ပါသလဲ။”


အဓိကက ကျွန်တော်တို့ဟာ လူတွေလေဗျာ။ ငွေကြေးမတတ်နိုင်ပေမယ့် ကျွန်တော်တို့မှာ လက်တွေရှိတယ်။ ဉာဏ်ရှိတယ်။ ၀ိရိယရှိတယ်။ ဦးနှောက်ရှိတယ်။ ကျွန်တော်က တစ်ခုကူညီလိုက်တဲ့သူဟာ ကျွန်တော့်ကိုပြန်ပြီးကူညီနေစရာ မလိုဘူး။ တခြားတစ်ယောက် လိုအပ်နေတဲ့ အကူအညီကိုပေးလိုက်တယ်ဆိုရင် အဲဒါကျွန်တော့်ကို ကူညီတာပါပဲ။ Helping Hands
“ကူညီသောလက်များ”ပေါ့ဗျာ။ လက်ဆင့်ကမ်း ကူညီတာဟာ ငွေကြေးမတတ်နိုင်ပေမယ့်
ထိရောက်မှုရှိပါတယ်။ လုပ်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။


“ချစ်ရူးဇာတ်ရုပ်နဲ့ အကယ်ဒမီရမယ်လို့ အသံတွေ အတော်ကြားနေရတယ်။ တကယ်လို့ရခဲ့ရင် ချစ်ရူးကို အစ်ကို ဘယ်လိုဂုဏ်ပြုဖို့ စဉ်းစားထားလဲ။”


ချစ်ရူးပုံစံဝတ်ပြီး မြို့ထဲလျှောက်သွားမယ်(ရယ်လျက်)။ နောက်တာပါ။ တကယ်တမ်း ဘယ်လုပ်လို့ရမလဲ။ ကျွန်တော်ကတော့ ယောနိသောမနသိကာရလို့ပဲမှတ်ယူထားပါတယ်။ အလယ်အလတ် လမ်းစဉ်ပေါ့ဗျာ။ အကယ်ဒမီဆိုတာ အနုပညာသမားတိုင်းလိုချင်ကြတာချည်းပဲလေ။ ကိုယ့်ဘ၀ရဲ့ သမိုင်းမှတ်တိုင်အဖြစ်
စိုက်ထူချင်ကြတာချည်းပဲ။ ဒါပေမဲ့ မရလို့ စိတ်ထိခိုက်ကြေကွဲနေရတာမျိုးတော့လည်း မရှိပါဘူးဗျာ။


“ဒီဇာတ်ရုပ်ကို စရိုက်တုန်းက ရှုတင်ပထမဆုံးနေ့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးကြားတယ်။”


ဟုတ်တယ်။ ပထမဆုံးနေ့မှာ ဘယ်လိုလုပ်ရမှန်းကို မသိတာ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် Must do ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ စိတ်သွင်းလိုက်ပြီးဒါရိုက်တာနဲ့လည်း ကျွန်တော်သေချာတိုင်ပင်တယ်။ သူက လုံးဝကြီး ရူးနေတာလည်းမဟုတ်ဘူး။ ဆယ်ပြားလောက် လိုနေတာဆိုတော့ လုပ်ရတာ တော်တော်ခက်တယ်လေ။ နောက်မူရင်းဝတ္ထုရေးတဲ့ ဆရာမင်းလူနဲ့ သွားတွေ့တယ်။ သူတို့ရပ်ကွက်ထဲမှာ
အဲဒီချစ်ရူးပုံစံနဲ့လူက တကယ်ရှိနေတာ။ သူ့ပုံစံက တစ်ခုခုဆို လက်ညှိုးနဲ့ လက်မကို ထောင်ထောင်ပြီး ပြောတတ်လုပ်တတ်တာလေးကို သတိထားပြီး လုပ်ရတာပေါ့။ နောက်ရက်တွေမှာ အဆင်ပြေသွားပါတယ်။
“သူများအကျိုးဆောင်၊ ကိုယ့်ကျိုးအောင်” “အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မရွံ့မစောင်း၊ ကိုယ်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယဉ်၊ ရှေ့ရှုနှင်လော။” ဟုတိုက်တွန်းလိုက်ပါသည်။
Reade more >>

Wednesday, January 13, 2010

ရည်မှန်းချက်ပန်းတိုင်




အိပ်မက်တွေ  မပျောက်ဆုံးစေခြင်  

အဖြစ်အပြစ်လေးတစ်ခု ရှိခဲ့သည်။ အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းသည်။ ကျောင်းသားတစ်ဦးက သူ့ရည်မှန်းချက်ကို ဗလာစာအုပ်ပေါ်တွင်  ချက်ချင်းချရေးခဲ့သည်။  "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ 
အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ဥယျာဉ်လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးကိုလည်း ဆောက်ပြီး ကိုယ့်မိသားစုအပြင် အခြားလာရောက်လည်ပတ်သူတွေကိုလည်း အနားယူအပန်းဖြေစေပါမယ်" ဟူ၍ဖြစ်သည်။

ထို့နောက် သူ၏စာစီစာကုံးကို ဆရာအားပြရာ ဆရာကတစ်ချက်ကြည့်ပြီး မင်နီဖြင့် "X" ကြက်ခြေခတ်လိုက်သည်။ ဆရာက သူ့အား နောက်စာစီစာကုံးတစ်ပုဒ်ကို ရေးခိုင်ပြန်သည်။

ကျောင်းသားက သူရေးထားသည့် စာစီစာကုံးကို သေချာပြန်ဖတ်ပြီး အမှားမတွေ့သောကြောင့် ဆရာအား ထပ်ပြလေသည်။

ဆရာက "မင်းကို မင်းရဲ့ရည်မှန်းချက်စိတ်ကူးကို ရေးခိုင်းတာ၊ ဒီလို အိပ်မက်ဆန်ဆန် စိတ်ကူးယဉ်တာကို ရေးခိုင်းတာမဟုတ်ဘူး။ မင်းရဲ့ တကယ့်ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား?" ဟူပြောသောအခါ ကျောင်းသားက "ဆရာ... ဒါ ကျွန်တော်ရဲ့ တကယ့်ရည်မှန်းချက်ပါ" ဟူ အားတက်သရော ပြန်ဖြေသည်။

"မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေပဲ .... မင်းအသစ်ပြန်ရေးပါ"

"ကျွန်တော် နားလည်တယ်ဆရာ.. ဒါ ကျွန်တော်တကယ်ဖြစ်ချင်တဲ့ ကျွန်တော်ရဲ့ရည်မှန်းချက်ပါ။ ကျွန်တော်ရည်မှန်းချက်ကို ကျွန်တော်မပြင်နိုင်ဘူး ဆရာ"

ဆရာ့စကားကို ပြတ်ပြတ်သားသား ငြင်းဆန်ပြီး ကျောင်းသားကပြန်ပြောသည်။

"တကယ်လို့ မင်းအသစ်မရေးရင် မင်းကိုဆရာ အောင်မှတ်မပေးဘူး။ မင်း သေချာစဉ်းစားပါ"

ခေါင်းခါပြီးပြောသော ဆရာ့စကားကို ကျောင်းသားကလည်း ထပ်မရေးနိုင်ကြောင်း ခေါင်းခါပြသည်။
နောက်ဆုံး ထိုစာစီစာကုံးမှာ E အဆင့်သာရခဲ့သည်။

ထိုသို့သော အဖြစ်အပျက်ဖြစ်ပျက်ပြီး နှစ်ပေါင်း(၃ဝ)အကြာတွင် ၎င်းဆရာက ကျောင်းသားတစ်သိုက်နှင့် အပန်းဖြေပန်းခြံတစ်ခုသို့ ပျော်ပွဲစားရောက်ရှိလာခဲ့သည်။ ဆရာက မြက်ခင်းစိမ်းနှင့် ပန်းပေါင်းစုံကို ငေးမောကြည့်ရှုရင်း သင်းပျံ့သော အသားကင်နံ့ကို ရှူရှိုက်နေမိသည်။ တစ်နေရာတွင် လူလတ်ပိုင်း လူရွယ်တစ်ဦးက ဆရာဆီဦးတည်လျှောက်လာပြီး သူ့ကိုယ်သူ ဆရာ၏တပည့်ဖြစ်ခဲ့ဖူးသည်ဟု ပြောဆို မိတ်ဆက်လေသည်။

လူရွယ်က ဆရာကို အကြောင်းစုံပြောပြပြီး သူသည် ထိုနှစ်က စာစီစာကုံးမအောင်သော ကျောင်းသားဖြစ်ခဲ့သည်ဟု ပြောသည်။ သို့သော် ယနေ့တွင် သူသည် စာစီစာကုံးထဲက ရေးခဲ့သည့်အတိုင်း သူ့ရည်မှန်းချက်ဖြစ်သည့် အပန်းဖြေဥယျာဉ်ကြီးတစ်ခုကို တည်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ဆရာမှာ လူငယ်စကားကြောင့် လွန်ခဲ့သော အနှစ်(၃ဝ)ကို ပြန်မြင်ယောင်မိသည်။ မိမိရှေ့တွင်ရပ်နေသော လူရွယ်ကိုကြည့်ပြီး စကားတစ်ခွန်းကို ရေရွတ်လိုက်တော့သည်။

"အနှစ်(၃ဝ)အတွင်းမှာ ငါ့အတွက်နဲ့ ကျောင်းသားဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို ငါချေဖျက်ခဲ့မိသလဲ မသိဘူး? မင်းကတော့ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့်အချေဖျက်မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တစ်ဦးတည်းသောကျောင်းသားဖြစ်တယ်"

သင်ရော? သင့်ရည်မှန်းချက်အိပ်မက်တွေ သူတစ်ပါး၏ ပါးစပ်ဖျားကြောင့် ပျောက်ဆုံးကုန်ခဲ့ရပြီလား? မထင်မရှားမြုတ်နှံခဲ့ရပြီလား?

“ငါ့တို့ရဲ့အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖေါ်ကြစို့

(မေးလ်ထဲရောက်လာသည်ကို ပြင်ဆင်ဖြည့်စွက် ဖေါ်ပြသည်။ မူရင်း=နိုင်းနိုင်းစနေ.blog)


Reade more >>

Tuesday, January 12, 2010

ဆင်ခြင်ဘွယ်


ကွန်ပြူတာသုံးသူတိုင်း သတိထားဖွယ်
 
ကွန်ပျူတာတစ်စုံ ရှိ Keyboard မှာ Office တခုရဲ့ အများသုံး Toilet ထက်
၅ ဆ ပိုညစ်ပတ်ပါသတဲ့ ။ 




မယုံမရှိကြပါနဲ့ ။ London National Laboratory တစ်ခုရဲ့ တိကျသေချာသော
သုသေသန လုပ်ဆောင်ချက်တစ်ခုကနေ ရရှိလာတဲ့ Reslut တစ်ခုပါ၊
 

Computer တခုရဲ့  Keyboard တခုတွင် Bacteria သန်းနှင့်ချီပြီး ပေါက်ဖွား ရှင်သန်နိုင်ကြောင်း လေ့လာတွေ့ ရှိရသည်။ ထို Bacteria များသည် လူတို့ အား အစာအဆိပ်သင့်ခြင်း (ဗိုက်ထဲ တွင်မအီမသာဖြစ် ပြီး ၀မ်းလျောခြင်း ) မှ အစ သေစေနိုင်လောက်သည့် ရောဂါ
များ အထိ ဖြစ်ပွား ပျံ့ နှံ့ စေနိုင်သည်။

ပြီးခဲ့ သည့် မကြာသေးမီ ကာလက ရန်ကုန်မြို့တွင် လူမသိသူမသိ
အဖြစ်အပျက်လေးတစ်ခုဖြစ်ပျက်ခဲ့ သည်။ တခြားတော့ မဟုတ်ပါ Computer Keyboard မှ Bacteria များက မွေးကင်းစကလေးငယ် တစ်ဦးကို ဆုံးပါးသွားစေခဲ့ သည်။

အသက်ကြီးမှာ အိမ်ထောင်ကျသော ဇနီးမောင်နှံ နှစ်ဦး တို့ တွင် အသက် ၃၀
ကျော်မှ ရသောကလေးလေး ဖြစ်သည်။

အသက်ကြီးမှ ရသောကလေးမို့ မိဘများက တအားတန်ဖိုးထားသည့် (Precious Baby )
လေး ဖြစ်သည်။ အဖေဖြစ်သူက Computer Programmer - တနေကုန် Computer ရှေ့ တွင် အလုပ်ရှုပ်နေသူ

ရုံးကပြန်လာတိုင်း လုပ်လေ့လုပ်ထရှိသည့် အကျင့်လေးတစ်ခုက သားလေးကို
ချီပြီး နမ်း တတ်သည်။ ကလေးက မွေးကင်းစ (Baby ) လေး ။ ၁၀ ရက်သားခန့် သာရှိသေးသည့်
တအားနုနယ်သည့်ကလေးလေးပေါ့။

သိပ်မကြာ ကလေးက ဖျားပြီး ခန္ဒာကိုယ်တစ်ခုလုံးနီရဲ ရောင်ရမ်းလာကာ
ဆေးရုံတက်ရက်သည်။ ဆရာဝန်များက မွေးကင်းစကလေးပိုးဝင်ရောဂါ(Neonatal
Sepsis) ဟုဆိုသည်။ ၂ ရက်မြောက် ဆေးရုံပေါ်တွင် ကလေးမှာ သေသွားရှာသည်။

မိဘတွေက လည်း ဘယ်နေမလဲ။ သူတို့ ကလေး ဘယ်လို သေရသလဲ ?
အကြောင်းအရင်းကိုရှာသည်။ မိခင်ဖြစ်သူမှာ ကလေးကို နို့ တိုက်သည် မှအပ
တခြားအချိန်တွင်အထိအတွေ့ နည်းသည်။ နို့ တိုက်ကျွေးသည့်အချိန်တွင်လည်း တကယ့် သန့်သန့် ရှင်းရှင်း
စနစ်တကျရှိလှသည်။ တခြားထိတွေ့ သူမှာ အဖေဖြစ်သူသာလျှင်ရှိတော့သည်။
 

တနေကုန်ရုံးမှာ အလုပ်လုပ် ပြန်ရောက်ရောက်ချင်း လက်တောင်မဆေးပဲ ကလေးကိုချီ ပြီးနမ်း ရှုတ်တတ်သည့်အဖေ ။ သူ့ ကိုသူ သံသယ၀င်ပြီး သူငယ်ချင်းဖြစ်သူ ဆရာဝန်၏ အကူ အညီဖြင့် ဓာတ်ခွဲခန်း တစ်ခု တွင် သူ လက်မှာ ရှိတဲ့ Bacteria တွေကို Culture လုပ်ကြည့်တော့ တွေ့ လိုက်ရသည်မှာ သူ လက်တွင် ကပ်ငြိနေသည့် Bacteria က အမျိုးပေါင်း များစွာပင်။ ထို Bacteria တွေ က နုနယ်သည့်
(immature baby) လေး ကို သေသွားစေခဲ့ ရလေသည်။

ထို ဥပမာလေးကို သင်ခန်းစာယူ ပြီး Computer သုံးပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောကြပါ။ 

ဒီနေ့ ခေတ်တွင် အင်တာနက်ဆိုင်တွေများပြားလာပြီး ထိုဆိုင်များရှိ
စက်များမှာ လူတန်းစားပေါင်းစုံ ကသုံးစွဲနေကြတော့ ညစ်ပတ်မှာက အသေအချာပင်။
ထို ကြောင့် မည်သူ မဆို Computer သုံးပြီးတိုင်းလက်ဆေးသည့်အကျင့် ကို
ဂရုတစိုက်လုပ်ဆောင်သင့်သည်။ တစ်ချို့ အင်တာနက်ဆိုင်တွေ ရဲ့ သန်
့စင်ခန်းတွေမှာ လက်ဆေးရန်စနစ်တကျလုပ်ထားပေးသည်များရှိသည်။
ဆိုင်တိုင်းမှာလည်း လုပ်ထားပေးသင့်သည်။

မြန်မာနိုင်ငံ မှာရှိနေသည့် Foreigner အများစုမှာ Hand Sanitizer ခေါ်
Spray ဘူးလေးများဆောင်ထားကြသည်။
သူတို့ အင်တာနက်ဆိုင်မှာ သုံးပြီးတိုင်း လက်ကို Hand Spray ဖြင့် သန်
့စင်ကြသည်ကိုတွေ့ ဖူးသည်။
ထိုနည်းကတော့ ပို ပြီးကောင်းသည်။ ရေကိုင်စရာမလို ဆပ်ပြာကိုင်စရာမလို ပဲ
သန့် စင်နိုင်သည်။ ထိုကဲ့သို့  ပစ္စည်းမျိုးကို မသုံးနိုင်ရင်တောင်မှ ဆပ်ပြာနှင့်
သေချာစွာဆေးကြောသင့်သည်။


သင်တို့၏လက်ကိုသန်
့ရှင်းစင်ကြယ်စွာထားခြင်းဖြင့် သင်တို့ ဘ၀တွေပိုပြီး လှပသာယာနိုင်ကြပါစေ။
..
Reade more >>

မြန်မာဗုဒ္ဒ္ဒဘာသာများသို့


မျိုးရိုး၊ ဘာသာ ချစ်တတ်ပါ

နတ်သုဒ္ဒါတမျှ၊ ချိုစိမ့်လှသည့်
ဗန္ဒရသရက်၊ နွယ်ခါးယှက်၍၊
အသက်ဆုံးရှုံး၊ မျိုးတုံးခဲ့ရ
ရှေးသာဓက၊ ရှိခဲ့ကြ၏။

ဒို့အမျိုးဘာသာ၊ သာသနာသည်


ကမ္ဘာ့အလယ်၊ ဂုဏ်ယူဖွယ်အတိ
ချီးမွန်းသည့်အသံ၊ မိုးထိညံမျှ
သင်းပြန့်လှ၏။

ဒို့အမျိုးဘာသာ ၊ဓွန့်ရှည်ကြာရေး
နောက်လာရင်သွေး၊ သင်-ဘာလေးမွေးမလဲ
ဒေါ်လာမယား၊ အဖော်ပြုထားပြီး၊
တိုက်ကားကြီးပေါ်၊ မြူးရွှင်ပျော်ကာ
အနှစ်မပါ၊ အချစ်ညာတဲ့
နွယ်ခါးရစ်ခွေ၊ မျိုးဖျက်တွေကို
သမီး ဘယ်လိုစဉ်းစားမလဲ။

တော်လှဲသံကြီး၊ မြည်ဟည်းပြီးလျှင်
မြေကြီးကွဲအက်၊ ငလျှင်စနက်ကြောင့်
ရာထောင်မက၊ သေခဲ့ကြလဲ၊
အမျိုးမပြုတ်၊ အငုတ်အရင်း
မျိုးဆက်ဆင်းကာ၊ အမျိုးဘာသာ
သာသနာကြီး၊ ဆက်လက်ပြီးလျှင်
ရှင်သန်ဝံ့ကြွား၊ မျိုးဆက်များမှ
ထိန်းထားနိုင်သည်။

သို့ပေသည့်လည်း၊
မြေမျိုသော် အမျိုးမပြုတ်၊
လူမျိုသော် အငုတ်မကျန်၊
အမျိုးပြုတ်ရန် အရေးမို့
သမီးတို့ရေ........
ဝတ်ချင်တဲ့ ဆန္ဒ၊
လှချင်တဲ့ မာနနဲ့ ၊
အချောင်ရတယ်ဆိုပြီး၊
ဘ၀ကြီးတစ်ခုလုံးပုံအပ်
မိုက်ဇာတ်တော့ မခင်းလိုက်ကြပါနဲ့။

ထမင်းငတ်ပြီး သေတဲ့မသာ
ဒို့ပြည်မှာ မရှိပါဘူး၊
အလှရစ်မူး ချစ်ရည်လူးပြီး
ရာဂကြူးတဲ့ ဘီလူးလက်အောက်
အမျိုးပြောက်အောင် ဘယ်သောအခါမှ အကြံကြနဲ့၊

ငွေကြေးဥစ္စာ၊ ဆင်းရဲပါလည်း
မမွဲစိတ်ဓါတ်၊ အကျင့်မြတ်ကြောင်း
ကမ္ဘာအပေါင်းမှ၊ ချီးကျူးရအောင်
ဒို့မျိုးချင်းဆက် အမျိုးဂုဏ်ဆောင်ရင်း
မျိုးသက်ဆင်းမှ
ဆက်လက်ခိုင်မာ ဒို့သာသနာကြီး
ဘုန်းနေလမီး ထိန်ထိန်ညီးစွာ
ဓွန့်ရှည်ကြာတည်တံ့မှာမို့၊
သမီးတို့ရေ.....
ဗုဓ္ဒဘာသာ မျိုးဆက်သစ်လေးများ
မွေးဖွားပေးနိုင်ကြပါစေ။

စောထွန်း(G.T.I နှစ်တစ်ရာပြည့်မဂ္ဂဇင်းမှ)


Reade more >>

Saturday, January 9, 2010

ဖြေဆည်ရာ


ချစ်ခင်သူတို့နှင့် ဝေးကွာခြင်းသည် ဆင်းရဲပါ၏။ မချစ်ခင်သူတို့နှင့် ယှဉ်တွဲနေထိုင်ရခြင်းဟာလည်း ဆင်းရဲပါ၏။
တစ်ခုခုစိတ်ထဲမှာအလိုမကျရင် စာပေဖတ်ခြင်းသည် စိတ်သောကတို့ ခဏတာအေးချမ်းနိုင်၏။

* ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။


* သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။

* အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။

* လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။

* ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။

* ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။

* အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။

* မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။

* သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။

* အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။

* ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။

* အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။ (မေးလ်ထဲရောက်လာသည်ကို ဖော်ပြလိုက်သည်)



Reade more >>

Wednesday, January 6, 2010

မျက်ဖြေလင်္ကာ

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာ ပျက်လင့်ကားသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်း
သာကား၊သမုဒ္ဒရာ၊ရေမျက်နှာထက်၊ခဏတက်သည့် ၊ရေပွက်ပမာ၊ တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊ မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏။ ခိုက်ကြုံဝိပါက်၊သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊
တုံ့ မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။
သွေးသည် အနိစ္စာ ငါခန္ဓာတည်း။
(ပုဂံခေတ် နရပတိသည်သူ လက်ထက် အနန္တသူရိယအမတ်ကြီး (မြန်မာသက္ကရာဇ် ၄၇၃ - ၅၃၅) ကရေးသားခဲ့သည်။) သင်ဖျောက်ထားချင်သောစာကို ဒီနေရာတွင်ရေးရန်...
Reade more >>